ဂွတ်(ဒ်)ဘရားသား(စ်) ကုမ္ပဏီများ လုပ်ငန်းစုတွင် လုပ်သက် (၁၅) နှစ်တိုင်ခဲ့ပြီဖြစ်သော GBS Microfinance ၏ အလုပ်အမှုဆောင် ဒါရိုက်တာ ဖြစ်သူ “ဒေါ်မီမီကျော်” အား GBS မှ အထူးဂုဏ်ပြုလိုက်ရပါတယ်။ လုပ်သက် (၁၅) နှစ်ပြည့်မှသည် နောင်နှစ်ပေါင်းများစွာတိုင် GBS ရဲ့ ခေါင်းဆောင်ကောင်းတစ်ဦး အဖြစ် ဆက်လက်ဦးဆောင်နိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။
ဒီဇင်ဘာလ (၈) ရက်နေ့ ၂၀၂၀ ခုနှစ်တွင် ကျရောက်သော ဒေါ်မီမီကျော်၏ GBS တွင် လုပ်ငန်းလုပ်သက် (၁၅) နှစ်ပြည့် အမှတ်တရအနေဖြင့် ဒေါ်မီမီကျော်မှ အောက်ပါအတိုင်း မျှဝေပြောကြားထားပါတယ်။
GBS နဲ့အတူ လျှောက်လှမ်းခဲ့တဲ့ ဒီ (၁၅) နှစ်တာ ခရီးဟာ တန်ဖိုးမဖြတ်နိုင်ပါဘူး။ ကျွန်မအနေနဲ့ GBS ကို ၂၀၀၅ ခုနှစ်မှာ အရောင်းဝန်ထမ်းတစ်ဦးအနေနဲ့ စတင်ဝင်ရောက်ခဲ့ပါတယ်။ ၂၀၁၀ ခုနှစ်မှာ Branding and Marketing ပိုင်းရဲ့ ခေါင်းဆောင်တစ်ဦး ဖြစ်လာခဲ့ပြီး၊ ၂၀၁၃ မှာတော့ Operations ပိုင်းကို ဦးဆောင်ခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်မှာတော့ GBS အသေးစားချေးငွေလုပ်ငန်း (GBS Microfinance) ဘက်ကို ကူးပြောင်းခဲ့ပြီး အလုပ်အမှုဆောင် ဒါရိုက်တာတစ်ဦး ဖြစ်လာခဲ့ပါတယ်။
အမှတ်တရတစ်ခု ပြောရမယ်ဆိုရင် ၂၀၁၁ - ၂၀၁၂ ခုနှစ်ဝန်းကျင်လောက်က ဈေးကွက်ရှာဖွေမှု လုပ်ဆောင်နေရင်း တချို့ကျေးရွာတွေမှာ စာသင်ကျောင်း လိုအပ်ချက်ရှိနေတာကို ကျွန်မတွေ့ခဲ့ပါတယ်။ အဲ့ဒါနဲ့ စီမံခန့်ခွဲရေး အဖွဲ့ကို အကြောင်းကြားခဲ့ပြီးတော့ ဧရာဝတီတိုင်း ညောင်တုန်း ကြောင်လျှာကုန်းကျေးရွာ မှာ ကျောင်းဆောက်လုပ်လှူဒါန်းခဲ့တာဖြစ်ပါတယ်။ အမတို့ GBS အနေနဲ့ CSRကို ပညာရေးပိုင်းတွေအတွက် အဓိကပံ့ပိုးပေးနေတာတွေကို စိတ်ကျေနပ်အားရပါတယ်။
GBS မှာ လုပ်ဆောင်နေစဉ်အတွင်း ၂၀၀၈ စီးပွားရေးကပ်ကို သာမက လက်ရှိ ကိုဗစ်-၁၉ ရောဂါကိုပါ ကြုံတွေ့ ခဲ့ရပါတယ်။ အခုအချိန်မှာလည်း ကျွန်မတို့အနေနဲ့ ကိုဗစ်-၁၉ ကို ကြံ့ကြံ့ခိုင်ရင်ဆိုင်ရင်း အခြေအနေပေါ်မူတည်ပြီး အကောင်းဆုံး ဆုံးဖြတ်ချက်တွေ ချမှတ်ဖို့ ကြိုးပမ်းနေပါတယ်။ ဘယ်လိုအခြေအနေမျိုးပဲ ဖြစ်ဖြစ် ကျွန်မတို့ GBS အနေနဲ့ အရှုံးမပေးဘဲ တောင်သူဦးကြီးတွေအတွက် ဆက်လက်ရပ်တည်နေမှာပါ။
ဂွတ်(ဒ်)ဘရားသား(စ်) ကုမ္ပဏီများ လုပ်ငန်းစုတွင် လုပ်သက် (၁၀) နှစ် ပြည့်သည့်တိုင် စိတ်အားထက်သန်စွာဖြင့် လက်တွဲလုပ်ဆောင်ခဲ့သော “ဦးကျော်စိုး” အား Good Brothers’ Group of Companies မှ အထူးပင် ကျေးဇူးတင်ရှိကြောင်း ပြောကြားရင်း ဂုဏ်ပြုလိုက်ရပါတယ်။
ဦးကျော်စိုးဟာ လက်ရှိမှာ KUBOTA GBS Co., Ltd. နှင့် ASP KUBOTA တို့၏ Executive Director အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပြီး GBS ၏ အားကိုးအားထားရသော ခေါင်းဆောင်ကောင်းတစ်ဦးလည်း ဖြစ်ပါတယ်။ ၂၁ ရက် နိုဝင်ဘာလ ၂၀၂၀ ခုနှစ်တွင် ကျရောက်သော ဦးကျော်စိုး၏ (၁၀) နှစ်မြောက် အလုပ်နှစ်ပတ်လည် အထိမ်းအမှတ် အနေဖြင့် ဦးကျော်စိုး၏ ပြောကြားချက်များကို အောက်ပါအတိုင်း ဖော်ပြပေးလိုက်ရပါတယ်။
ကျွန်တော်ကတော့ လက်ရှိမှာ GBS ရဲ့ ကုမ္ပဏီခွဲတွေဖြစ်တဲ့ KUBOTA GBS နဲ့ ASP KUBOTA တို့ကို ဦးဆောင်နေပါတယ်။ အဓိကအားဖြင့် ဒီကုမ္ပဏီခွဲတွေရဲ့ ငွေကြေးစီမံခန့်ခွဲမှုနဲ့ လူ့စွမ်းအား အရင်းမြစ် စီမံခန့်ခွဲရေးတို့ကို အဓိကထား လုပ်ဆောင်နေပါတယ်။
အခုလို GBS နဲ့ (၁၀) နှစ်တာ လက်တွဲလုပ်ဆောင်ခဲ့တဲ့ ကာလအတွင်းမှာ မြန်မာ့ကျေးလက်နေ တောင်သူဦးကြီးများရဲ့ လူမှုဘဝတိုးတက်ဖို့ များစွာကူညီခွင့်ရတဲ့ အတွက် အလွန်ဝမ်းသာမိပါတယ်။ ကျွန်တော့်အနေနဲ့ GBS ကို ၂၀၁၀ ခုနှစ်က အရောင်းဝန်ထမ်းတစ်ဦးအနေနဲ့ စတင်ဝင်ရောက်ခဲ့ပြီး ခြောက်နှစ်အကြာ ၂၀၁၆ ခုနှစ်မှာတော့ ရှယ်ယာပိုင်ရှင်တစ်ဦးဖြစ်လာခဲ့ပါတယ်။ ကျွန်တော်ရဲ့ GBS ခရီးလမ်းဟာလည်း အင်မတန်မှ အမှတ်ရဖွယ်ပါပဲ။
GBS က ကျွန်တော့်ကို ငယ်မွေးခြံပေါက် သဘောမျိုးနဲ့ ပြုစု ပျိုးထောင်ခဲ့ပါတယ်။ စစချင်း အလုပ်ဝင်ချိန်မှာ တောက်တိုမယ်ရ အကုန်လုပ်ခဲ့တယ်။ အင်ဂျင် Catalogue ကိုတောင် အလွတ်ကျက်ခဲ့ဖူးပါတယ်။ အခုချိန်ထိလဲ အင်ဂျင်တစ်လုံးရဲ့ အတွင်းပိုင်း တည်ဆောက်ပုံကို ကောင်းကောင်းနားလည်ပါသေးတယ်။ ဒါတွေဟာ ကိုယ့်ရဲ့ နောက်ပိုင်းလုပ်တဲ့လုပ်ငန်းအပေါ် အင်မတန်မှ အကျိုးပြုပါတယ်။